ကုသိနာရုံသမိုင်း



ကုသိနာရုံမှာ မြတ်စွာဘုရားသခင် ပရိနိဗာန်စံတော်မူရာဌာနဖြစ်သည်၊ မြောက်ဘက်သို့ ဦးခေါင်းတော်လှည့်၍ အနောက်ဘက်သို့ မျက်နှာတော်မူကာ  ထုလုပ်ထားသော လျောင်းတော်မူများကို ကုသိနာရုံပုံတော်ဟုခေါ်ကြသည်။ ကုသိနာရုံ၌ အသောကမင်းကြီး၏ ကျောက်တိုင်များကို ရှာဖွေမတွေ့ရသေးချေ၊ သို့ရာတွင် အသောကကျောက်တိုင်များရှိကြောင်းကို ကုသိနာရုံမှာ မြတ်စွာဘုရားသခင် ပရိနိဗန်စံတော်မူရာဌာနဖြစ်သည်။ မြောက်ဘက်သို့ မျက်နှာမူကာ တရုပ်ရဟန်းတော် ဟူယင်ဆန်က မှတ်တမ်းတင်ခဲ့သည်။
မြတ်စွာဘုရား ပရိနိဗာန်စံတော်မူပြီးနောက် မကြာမီ မလ္လနိုင်ငံကို အဇတသတ်မင်းကသိမ်းပိုက်၍ မဂဓတိုင်းအတွင်းသို့ သွတ်သွင်းခဲ့သည်၊  အေဒီ ၅ ရာစုက တရုပ်ရဟန်းတော် ဖာဟိယန်က ပျက်စီးနေသော ဘုန်းကြီးကျောင်းများ တွေ့ရှိရကြောင်း မှတ်တမ်းတင်ခဲ့သည်၊ ထို့ပြင် အေဒီ ၅ ရာစုတွင် ဟရိဗလသာမိကစေတီတော် တည်ဆောက်ခဲ့ကြောင့် မှတ်တမ်းများတွေ့ရှိသည်။
၁၈၅၂ ခုနှစ်တွင် ကျောက်စာဌာနက စတင်တူးဖေါ်သည်၊ ဘုန်းကြီးကျောင်းများအတွင်း၌ မီးလောင်ထားသော ပစ္စည်းများနှင့် လူရိုးများတွေ့ရှိရသည်ကိုထောက်ထား၍ ရန်သူများက ရဟန်းတော်များ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်ကြောင်း အထောက်အထားဖြစ်သည်။ ဤအဖြစ်ဆိုးများမှာ ၁၂ ရာစုအတွင်းက အိန္ဒိယတစ်နိုင်ငံလုံး ဗုဒဘာသာရဟန်းတော်များ ညီတူညီမျှ ခံစားခဲ့ခြင်းပေတည်း၊ တူးဖော်ခြင်းမပြုမီက ထိုဒေသကို သစ်ပင်ချုံနွယ်များ ဖုံးအုပ်လျက်ရှိသည်။
         ဤကုသိနာရုံကို ပထမဆုံး စောင့်ရှောက်ခဲ့သူမှာ အိန္ဒိယတိုင်းရင်းသား ဘုန်းတော်ကြီး မဟာဝီရ ဖြစ်သည်၊ မဟာဝီရသည် ၁၈၅၇ ခုနှစ်၊ ဗြိတိသျှတို့ကို ပုန်ကန်သောသူပုန်ဗိုလ်ကြီး ကွန်ဝါးဆိုင်း၏ ဆွေမျိုးဖြစ်၍ ပုန်ကန်မှု၌ ပါဝင်ခဲ့သည်။ ကွန်ဝါးဆိုင်းကျဆုံးသွားသောအခါ မဟာဝီရသည် ကြေးစားနပန်းသမားအဖြစ် အသက်မွေးနေထိုင်ခဲ့သည်၊ ထိုမှတဖန် သီဟိုဠ်သို့ရောက်၍ ဗုဒဘာသာသို့ကူးပြောင်းပြးလျှင် ရဟန်းပြုခဲ့သည်။ ရဟန်းခံပြီးနောက် ကုသိနာရုံသို့လာရောက်နေထိုင်၍ သာသနာပြုရန်ကြိုးပန်းခဲ့သည်။ ရခိုင်လူမျိုးသူဌေးကြီး ခီဇာရီဆိုသူက ဘုရားကျောင်းတော်၏မြောက်ဘက်တွင် မြေကွက်တစ်ခုဝယ်ယူ၍ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့သည်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ရခိုင်အမျိုးသား ဆရာတော်ဦးစနြမဏိသည် ကိုသိနာရုံ၌ ရဟန်းတော် မဟာဝီရနှင့်တွဲဖက်၍ ခီဇာရီး၏ ဇရပ်ဆောက်လုပ်မှုကို ကူညီဆောင်ရွက်ခဲ့သည်။  မဟာဝီရကွယ်လွန်သောအခါ ဆရာတော်ဦးစနြမဏိက ဆက်လက်တာဝန်ယူ ထိန်းသိမ်စောင့်ရှောက်ခဲ့သည်။ ဆရာတော်ဦးစနြမဏိသည် အသောကဘုရင်နောက်ပိုင်း ကွယ်ပျောက်နေသော အိနိယနိုင်ငံရဲ့သာသနာကို တဖန်ပြန်လည်ရှင်သန်လာအောင် ကြိုးစားပြီးသာသနာပြုခဲ့ သော ပထမဦးဆုံးမြန်မာနိုင်ငံသား ရခိုင်ဆရတော်ဖြစ်သည်။
  ဆရာတော်ဦးစနြမဏိသည် ဘာသာရေးပွဲတော်များကို ကျင်းပပြုလုပ်၍ တိုင်းရင်းသားတို့ကို ဗုဒဘာသာဘက်သို့ ဆွဲဆောင်ခဲ့သည်။ မြတ်စွာဘုရား ဖွားတော်မူသောနေ့ ၀ိသာခါပွဲတော်ကို တစ်လတိတိကျင်းပ၍ တိုင်းရင်းသား ထောင်းပေါင်းများစွာကို ကုသိနာရုံသို့ ဘုရားဖူးရန် သွေးဆောင်ခဲ့သည်။ ထို့ပြင် ဆရာတော်ဦးစနြမဏိသည် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ ၀ိသာခါအမျိုးသမီးအလွတ်သင်ပညာရေးကျောင်းတို့ကိုတည်ထောင်ခဲ့သည်။
ယခုအခါ ဆရာတော်ဦးစနြမဏိ၏ သာသနာပြုမှုကြောင့် အိန္ဒိယတိုင်းရင်းသား ၇ သိန်းခန့်ဗုဒဘာသာဝင်ဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ တရားဝန်ကြီး ဒေါက်တာ အမ်ဘေဒကာသည် ဆရာတော်ဦးစနြဏိအထံ၌ အိန္ဒိယတိုင်းရင်းသား ၆ သိန်းကိုဦးဆောင်ကာ သရဏဂုံသုံးပါးနှင့် ငါးပါးသီလံယူဆောက်တည်၍ ဗုဒဘာသာအဖြစ်သို့ ကူးပြောင်းခဲ့သည်။ ဆရာတော်ဦးစန္ဒြမဏရဲ့သာသနာပြုမှုကြောင့် အိန္ဒိယနိုင်ငံသားနှိင့် နီပေါနိုင်ငံသားရဟန်းတော်ပေါင်း ၅၀ ကျော်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံမှ နာမည်ကျော် စာရေးဆရာ ရာဟုလာသံကိစ္စည်းမှာ ဆရာတော်ဦးစန္ဒြ၏တပည့်ရင်းတစ်ပါးပင်ဖြစ်သည်။
  လက်ရှိအိန္ဒိယနိုင်ငံတွင် သံဝေဇနိယလေးဌာန အ၀ိဇဟိတလေးဌာန ဘာသာရေးများနှင့်သက်ဆိုင်သော နေရာများကိုဖူးတွေ့ရခြင်းမှာ ကုသိနာရုံဆရာတော်ကြီး ဦးစန္ဒြမဏိကျေားဇူးကြောင့်ဖြစ်သည်။ ဆရာတော်ဦးစန္ဒြမဏိ ကွယ်လွန်သောအခါ ဆက်လက်ပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကမ္ဘာ့သာသနာပြုဆရာတော်ဦးညာဏိသရ မှဆက်လက်ထိမ်းသိမ်းနေသည်။ ဆရာတော်ဦးညာဏိသရ၏ စီစဉ်ပေးခြင်းကြောင့်မြန်မာနိုင်ငံသားများဘုရားဖူးရောက်ရှိနေကြရသည်။ အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာကြသော မြန်မာနိုင်ငံသားများအဖို့ဤဆရာတော်နှစ်ပါးရဲ့ကျေးဇူးတရားများကိုအဘယ်သို့သောအကြောင်းကြောင့်နှင့်မျှ မမေ့သင့် မမေ့အပ်ပေ။

ဘုရားကျောင်းတော်
   ဘုရားကျောင်းတော်သည် မဟာပရိနိဗ္ဗာနစေတီတော်၏ဘေး၌ရှိသည်၊ အတွင်း၌ရုပ်ပွါးတော်မှာ ခြေဖ၀ါးမှ ဦးသျှောင်တော်အထိ ပေ၂၀ ရှိသည်။ မြောက်ဘက်သို့ ဦးခေါင်ပြု၍ အနောက်ဘက်သို့မျက်နှာမူကာ ကုသိနာရုံပုံဖြစ်သည်။ ပခုံးတော် ၅ ပေ ၆ လက်မရှိ၏၊ ညောင်းစောင်တော်မှာ ၂၃ ပေ ၉ လက်မ x ၂ ပေ ၁ လက်မရှိ၏။ ရုပ်ပွားတော်ကို သဲကျောက်ဖြင့် ထုလုပ်ထား၏။  ၁၈၃၃ ခုနှစ်က ရုပ်ပွားတော်ကို တစ်ပိုင်းတစစီတွေ့ရှိရသဖြင့် ပြန်လည်၍ ဆက်စပ်မွမ်းမံထားပြီး ညောင်းစောင်းတော်၌ ဆရာဇီဝကပုံ အရှင်အာနန္ဒာပုံ သုဘဒ္ဒရဟန်းပုံ သိကြားမင်းပုံ မာရ်နတ်မင်းပုံတို့ကို ထုလုပ်ထားသည်၊ ရုပ်ပွားတော်၏ ကောင်းမှုရှင်မှာ တွေ့ရှိရသော ကျောက်စာအရ  မဟာဝီရ ကျောင်း၌နေသော ဟရိဗလရဟန်းတော်၏ ကောင်းမှုဖြစ်သည်။ ဤရုပ်ပွားတော်ကို မထုရာပြည်သား ဒိနာဆိုသူက ထုလုပ်သည်ဟုသိရသည်။ အက္ခရာနှင့် စာရေးသာဟန်အရ အေဒီ ၅ ရာစုကဖြစ်သည်ဟု ယူဆရသည်။ ထိုရုပ်ပွားတော်ကြီးအား မဏိတော်ဘက်မှ ဖူးပါက ပြုံးနေဟန်၊ မျက်နှာတော် တည့်တည့်ဖူးပါက ကျိန်းစက်နေဟန်နှင့် ခြေရင်းဘက်မှ ဖူးပါကဝေဒနာ ခံစားနေရသည့်ဟန် သုံးမျိုးဖူးမြင်ရပါသည်။ လျောင်းတော်မှုတန်ဆောင်း အရှေးဘက်တွင် မဟာပရိနိဗာနစေတီတော် တည်ရှိသည်။ ထိုမဟာပရိနိဗာနစေတီတော်အား ၁၉၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ဟင်္သာတမြို့မှ ဦးဘိုးကြူကပြင်ဆင်ခဲ့သည်၊ ၁၉၂၇ ခုနှစ်တွင် ထီးတော်တင်ခဲ့သည်။
မဟာပရိနိဗာနစေတီတော်
    ဤစေတီတော်မြတ်ကို မြတ်စွာဘုရား ပရိနိဗာန်စံတော်မူရာနေရာ၌ တည်ထားခြင်းဖြစ်သည်၊ စေတီဒါယကာကို မည်သူဟုတိတိကျကျ မသိရချေ အဆင့်ဆင့် ထပ်ကာထပ်ကာ တည်ဆောက်ခဲ့ကြသည်။ အေဒီ ၅ ရာစုက တစ်ကြိမ်ပြင်ဆင်ခဲ့ကြသည်။ ကျောက်စာဌာနက တူးဖော်သောအခါ စေတီအတွင်းမှ ကြွေအိုးကြီးတစ်လုံး တွေ့ရှိရသည်၊ ထိုကြေးအိုးကြီး အတွင်း၌ အဖိုးတန်ပစ္စည်းများစွာပါဝင်သည်။ ၄င်းတို့အနက် အရေးကြီးဆုံးသော အဖိုးတန်ပစ္စည်းတခုမှာ ကြေးပုရပိုက်တဆူဖြစ်သည်။ ထိုပြင့် ကုမာရရုတ္တ (၄၁၃-၄၅၅) ခေတ်က ဒင်္ဂါး ၆ ပြားတွေ့ရသည်။ ကြေးပြားပေါ်တွင် ပဋိစ္စသမုပါဒ် တရားတော်ကို သက္ကတဘာသာဖြင့် ရေးထိုးထားသည်၊ အဆုံး၌ ဟရဗလသာမိ၏ ကောင်းမှုဖြစ်သည်။ “ဤကြေးပြားကို ပရိနိဗ္ဗာနစေတီအတွင်း၌ ဌာပနာခဲ့သည်”။ ဟုရေးထိုးထားသည်။ စေတီတော်ဒါယက် ဟရိဗလနှင့် ရုပ်ပွားတော်ဒါယကာ ဟရိဗလတို့ တစ်ဦးတည်းပင်ဖြစ်သည်ဟု ယူဆရသည်။ တရုပ်ရဟန်းတော် ဟူယင်ဆန်သည် ဤစေတီတော် ကိုဖူးခဲ့ရကြောင့် မှတ်တမ်းတင်ခဲ့သည်။ 
      ဤစေတီတော်ကို ကျောက်စာဌာနက ထွင်းဖေါက်ရှာဖွေပြီးနောက် ၁၉၁၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဟင်္သာတမြို့သား ဦးဖိုးကျားက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်။ ညာဏ်တော်အမြင့်မှာ ၁၆၇ ပေရှိသည်။ ထိုခေတ်က အိန္ဒိယရူပီးငွေ ၁၈၀၀၀ ကုန်ကျခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ထီးတော်ကို နေရောင်ဟပ်သောအခါ ရွှေရောင်တလတ်လတ် တောက်ပလျက်ရှိသည်ကို ဖူးတွေ့နိုင်သည်။ သို့ရာတွင် လွန်ခဲ့သည့် ၃၀ နှစ်ခန့်က ငလျင်လှုပ်သဖြင့် ဖောင်းရစ်မှစ၍ ပြိုကျပျက်စီးခဲ့သည်။ အတွင်းရှိ ရွှေဆင်းတုတော် အစရှိသော အဖိုးတန် ဌာပနာပစ္စည်းများ မပျောက်ပျက်စေရန် မြန်မာနိုင်ငံမှ ရခိုင်ဆရာတော်ဦးစနြမဏိက စောင့်ရှောက်ထားခဲ့သည်။ အိန္ဒိယကျောက်စာဌာနက စေတီတော်ကို ပြန်လည်တည်ဆောက်ခဲ့သည်။
ကျောင်းတော်ရာအုပ်ခုံများ
    မဟာပရိနိဗာနစေတီတော်၏ အနောက်ဘက်၌ ကျောင်းတော်ရာဟောင်း အုပ်ခုံများတွေ့ရှိရသည်။ စေတီတော်၏တောင်ဘက်တွင် ရဟန္တာဓာတ်တော် ဌာပနာထည့်တည်ထားသော စေတီငယ်များ တွေ့ရှိ့ရသည်၊ စေတီတော်၏မြောက်ဘက်တွင်လည်း ကျောင်းတော်ရာများအနက် ကျောင်းတော်ရာတစ်ခုတွင် အလယ်၌ ရေတွင်းတစ်ခုတွေ့ရှိရသည်။ ထိုရေတွင်းမှရေကို ဂျပန်၊ ယိုးဒယားစသောနိုင်ငံများမှ ဗုဒဘာသာဝင်များက ဆေးဘက်ဝင်သည်ဟု ယူဆ၍ ခပ်ယူသွားလေ့ရှိကြသည်။ ကျောင်းတော်ရာ အုပ်ခုံများဘေး၌ တွေ့ရှိရသော စာတမ်းများအရ “မဟာပရိနိဗာန၀ိဟာရ၊ သိရီဝိရှနဒီပ၀ိဟာရ၊ ဘဒ္ဒန္တသုဝီရ၀ိဟာရ” စသည်ဖြင့် အမည်ပေးထားကြောင်း တွေ့ရှိရသည်။
အင်္ဂါရစေတီ (မကုဋဗနစေတီ)
    မဟာပရိနိဗာနစေတီတော်မှ အရှေ့ဘက် ၆ ဖာလုံအကွာ၌ မကုဋဗနစေတီတော်တည်ရှိသည်။ မလ္လာမင်းတို့ ဦးသျှောင်ထုံးသည့်နေရာ၌ စေတီတည်ခြင်းဖြစ်၍ မကုဋဗနဟုခေါ်သည်။  (မကုဋ-ဦးသျှောင်၊ ဗန-ထုံးဖွဲ့ခြင်း) မြတ်စွာဘုရား အလောင်းတော်ကို တေဇာဓာတ်လောင်းကျွမ်းသည့်နေရာ၌ မီးသွေားများ ကျန်ရစ်သည်။ ထိုမီးသွေးကို ဌာပနာ၍ စေတီတည်သောကြောင့် အင်္ဂါရ (မီးသွေး) စေတီဟုခေါ်သည်။ ထိုဒေသရှိလူများက သီတာဒေ၀ီ မီးဖွားခဲ့သောနေရာဖြစ်၍ ရာမ်ဘာရ်(ရာမာပ)ဟုခေါ်ခြင်းဖြစ်သည်။ မီးလှုံ၍ကျန်ရှိသော မီးသွေားများဟု ပြောဆိုကြသည်။ ဗုဒဘာသာဆိုင်ရာ အထွတ်အမြတ် ထားသည့်နေရာတိုင်းကို  အခြားဘာသာများက အမည်အမျိုးမျိုးဖြင့် ပြောင်းလှဲ၍ ခေါ်ဝေါ်နေကြသည်၊ သတိထားစရာပင်။
   ဤစေတီတော်ကို သိုက်တူးသူများက ဖြိုဖျက်တူးဆွထားသည်ကိုတွေ့ရသည်၊ အသောကမင်းကြီး တည်ဆောက်ခဲ့သည်ဟုယူဆရသည်၊ ဤစေတီတော်အပေါ်၌ ညောင်ပင်ကြီးတစ်ပင်ပေါက်လျက်ရှိသည်။ သာသနာနှစ် ၂၅၀၀ ပြည့်ပွဲတော် ရောက်သောအခါ ယင်းစေတီပေါ်၌ နေထိုင်သော တရုပ်ဘုန်းကြီးများကို အိန္ဒိယအစိုးရ ကျောက်စာဌာနက ကျောင်းဆောင်လုပ်ပေး၍ ဖယ်ရှားစေခဲ့သည်။ ညောင်ပင်ကို ခုတ်ပယ်ပြီးနောက် နောက်ထပ် သစ်ပင်၊ မြက်ပင်များ မပေါက်စေရန် အင်္ဂတေများဖို့ထားသည်။

ရေသပါယ်ရာဌာန
    အင်္ဂါရစေတီမှ မဟာပရိနိဗာနစေတီတော်သို့ အပြန်လမ်း၌ အုပ်တိုက်ငယ်တစ်ခုအတွင်းရှိ ဗုဒရုပ်ပွါးတော်ကို ၀င်ရောက်ဖူးမြော်ကန်တော့ကြပါသည်။ ထိုရုပ်ပွါးမှာ အေဒီ ၁ ရာစု (ကနိရှခေတ်) လာက်ရာဖြစ်သည်၊ ညာဏ်တော် ၅ ပေ ၆ လက်မရှိပြီး (ဈာနမုဒြာ) (၀ါ) ဈာနဗုဒခေါ် ဈာန်ဝင်စားဟန် ထုလုပ်ထားပါသည်။ မြတ်စွာဘုရားသည် ပါဝါပြည်မှ ကုသိနာရုံသို့ ပရိနိဗာန်ပြုရန် ကြွတော်မူရာတွင် ဤနေရာ၌ နောက်ဆုံးရေသပါယ်တော်မူခဲ့သောနေရာဖြစ်သည်။ အလွန်ဆုတောင်းပြည့်သည်ဟုသိရသည်။ မြန်မာနိုင်ငံမှ အရေးပိုင် ဦးဖိုးကျူးမိသားစုမှ ရုပ်ပွါးတော်နှင့် တိုက်းကျောင်းတော်အား ပြုပြင်မွမ်းမံခဲ့ကြောင်း သိရပါသည်။
ဗုဒမြတ်စွာနှင့် ကုသိနာရုံ
ကိုသိနာရုံ၌ မြတ်စွာဘုရား ပရိနိဗာန်စံတော်မူရခြင်း အကြောင်းမှာ (၁) မြတ်စွာဘုရားသည် အတိတ်ခုနှစ်ဘ၀၌ ဦးခေါင်းချခဲ့သောနေရာဖြစ်ခြင်း (၂) မဟာသုဒသနသုတ်ကိုဟော်တော်မူလိုခြင်း (၃) သုဘဒ္ဒပရဗိုဇ်အား တရားဟောချွတ်လိုခြင်း (သုဘဒ္ဒပရဗိုဇ်မှာ ဘုရားလက်ထက်နောက်ဆုံးကျွတ်တန်းဝင်သူ) (၄) ဘုရင်တို့၏ပါမောက္ခဆရာ ဒေါနပုဏားရှိခြင်း စသည်တို့ကြောင့် ပါဝါပြည်မှ ကုသိနာရုံသို့ ၆ မိုင်ကွာဝေးသော ခရီကို ၂၅ ကြိမ်နားလျက် ပရိနိဗ္ဗာန်စံဝင်ရန် ကြွချီတော်မူခြင်းဖြစ်သည်။ ပါဝါပြည်တွင် မြတ်စွာဘုရားသည် ရွှေပန်းတိမ်သည် စုန္ဒ၏သရက်ဥယာဉ်၌ တစ်ညမျှနားနေခဲ့သည်။ စုန္ဒဆက်ကပ်သော သူကရမဒ္ဒ၀ ခေါ်သောဆွမ်းကို ဘုန်းပေးတော်မူခဲ့သည်။  ဤဆွမ်းမှာ ဘုရားရှင်၏နောက်ဆုံး ဆွမ်းဖြစ်သည့်အတွက် နတ်ဗြဟ္မာတို့က နတ်သြဇာများထည့်ကာ ဘုရားရှင်အားဆပ်ကပ်ခဲ့ကြသည်။ ထိုဆွမ်းမှာ နတ်ဗြဟ္မာများ နတ်သြဇာထည့်ထားသောကြောင့် ဘုရားရှင်မှလွှဲလျှင် အခြားမည်သူ တစ်ဦးတစ်မျှ စားလျှင်အစာမကြေနိုင် ဖြစ်သောကြောင့် မည့်သူ့ကိုမျှမစားစေပဲ မြေကြီးတွင်းတူး မြှုတ်စေခဲ့သည်။   
ဘုရားရှင်သည် သုဇာတ၏ဃနာနို့ဆွမ်းကို ဘုန်းပေးပြီး အမြတ်ဆုံး သဗ္ဗညုတရွှေညာဏ်တော်ကို ရရှိတော်ခဲ့သကဲ့သို့ စုန္ဒ၏ သူကရမဒ္ဒ၀ ဆွမ်းကိုဘုန်းပေးရခြင်းကြောင့် ပါဝါပြည်မှ ကုသိနာရုံသို့ ကြွရောက်တော်မူ နိုင်ခြင်းဖြစ်သည်။ ထိုကြောင့် မြတ်စွာဘုရားရှင်သည် ..................နားတွင်အရှင်အာနန္ဒာအား ငါဘုရားရဲ့ဘ၀မှာ ပထမဆုံး သုဇာတလှူဒါန်း သောဆွမ်းနှင့် နောက်ဆုံးစုန္ဒလှူဒါန်းသောဆွမ်းတို့ဟာ ငါဘုရားအတွက် အလွန်ကျေးဇူးများကြောင့် ထိုဆွမ်းနှစ်ပွဲဟာ အတူတူပဲဟုမိန့်တော်မူခဲ့သည်။ ဘုရားရှင်သည် လမ်းခရီး၌ ၀မ်းတော်လားပြီး ပင်ပန်းကြီးစွာဖြင့် ကြွလာခဲ့ရသည်။ ဘုရားရှင်ဝမ်းတော်လား တော်မူခြင်းမှာ စုန္ဒလှူသော ဆွမ်းကိုဘုန်းပေး သောကြောင့်မဟုတ်ပါ၊ မိမိရဲ့ ပါရမီနုစဉ် အတိတ်ဘ၀က အကျိုးဆက်ကြောင့် သာလျှင်ဖြစ်သည်၊ စုန္ဒ၏ဆွမ်းကို မဘုန်းပေးရလျှင် ဘုရားရှင်သည် ဤခရီးကိုမကြွရောက်နိုင်ပါ၊ စုန္ဒ၏ဆွမ်းကို ဘုန်းပေးခြင်းကြောင့် သာလျှင်လမ်းခရီးမှာ ၂၅ ကြိမ်အနားယူတော်မူ၍ ကြွရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကုသိနာရုံ မလ္လာမင်းတို့၏ အင်ကြင်းတောသို့ရောက်သောအခါ အင်ကြင်းပင်ပျိုနှစ်ပင် တို့၏အကြား၌ သလွန်ညောင်စောင်းတော်ကို မြောက်အရပ်သို့ ဦးခေါင်းပြုလျှက် နေရာခင်းစေသည်။ ညောင်စောင်ပေါ်၌ လက်ျာနံတောင်းဖြင့် လဲလျှောင်းတော်မူ၏၊ ထိုအခါ ခေါင်းရင်းနှင့် ခြေရင်းရှိ အင်ကြင်းပင်ပျို အစုံတို့မှာ အခါမဲ့ တစ်ပင်လုံးပွင့်ကြကုန်၏။ နတ်တို့သည် မြတ်စွာဘုရားအား နတ်ပန်း နံ့သာတို့ဖြင့် ပူဇော်ကြကုန်၏။  ထိုအခါညီတော် အာနန္ဒာမှာ ပုထုဇဉ်မျှသာဖြစ်၍ ငိုကြွေးသဖြင့် ဘုရားရှင်က “သင်္ခါရတရားတို့၏ ပျက်စီးခြင်း” သဘောကို ဆင်ခြင်ရန် တရားဟောပြလေသည်။ ထိုနောက် အရှင်အာနန္ဒာသည် မြတ်စွာဘုရား ပရိနိဗာန်စံလျှင် ကျောင်းကန်တွေဟာ တိတ်ဆိပ်တော့မယ် ရဟန္တာအရှင် မြတ်တွေကလည်း ဘုရားရှင်မရှိတော့ ကျောင်းကိုလာကြတော့မည်မဟုတ် တပည့်တော်မှာ မည်သူ့ကိုဆည်းကပ်ရမှာပါလဲ မည်သူ့ထံမှ တရားနာရမှာပါလဲ မည်သူ့ကို ၀တ်ကြီးဝတ်ငယ် ပြုပေးရမှာပါလဲ  အရင်ကဆိုလျှင်တော့ဖြင့် လမ်းခရီးတစ်ခုကို နှစ်ပါးအတူကြွနေတာ အရှင်ဘုရား ပရိနိဗာန်စံဝင်သွားလျှင် တပည့်တော်တစ်ပါးတည်း ကြွသွားရင် တကာ တကာမတွေက လျှောက်တင်ကြလိမ့်မယ် အရှင်ဘုရားအာနန္ဒ မြတ်စွာဘုရား အဘယ်မှာလဲဘုရား အရှင်ဘုရားတစ်ပါးတည်းပါလား တပည့်တော်တို့မြတ်စွာဘုရားကို ဖူးမြော်ချင်ပါတယ်ဘုရား တပည့်တော်တို့ မြတ်စွာဘုရားနဲ့တွေ့ချင်ပါတယ် လို့လျှောက်တင်ကြလိမ့်မယ် ထိုအခါ တပည့်တော်အဘယ်သို့ပြောရမှာပါလဲ မြတ်စွာဘုရားဟုလျှောက်လေသည်။ ထိုအခါဗုဒမြတ်စွာက ချစ်သားအာနန္ဒာ မစိုးရိမ်ပါနှင့် ငါဘုရားမရှိသည့်နောက်၌ ဤလေးဌာနတို့သည်ကား သဒါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားတွေအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော နေရာဌာနတို့ဖြစ်ကုန်၏။ ချစ်သားအာနန္ဒာ နောင်အခါ၌ သဒါတရားရှိသော ရဟန်းယောက်ျားများ၊ ရဟန်းမိန်းမများ၊ ဥပသကာဒါယကာများ၊ ဥပသိကာဒါယိကာမများသည် ဤလေးဌာနသို့ လာရောက်ကြလတ္တံ့။ အဘယ်ဌာနတို့နည်း ဟူမူကား၊
၁။ မြတ်စွာဘုရား ဖွားတော်မူရာ လုမိနီဥယျာဉ်။
၂။ မြတ်စွာဘုရား သဗညုတရွှေညာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ရောက်တော်မူရာ ဗုဒဂယာမဟာဗောစိမဏ္ဍိုင်
၃။ မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီငါးပါးတို့အား တရားဦးဓမ္မစက်ကို ဟောမြွက်ရာ မိဂဓါဝုန်။
၎။ မြတ်စွဘုရား ပရိနိဗာန်စံဝင်တော်မူရာ မလ္လာမင်းတို့၏ ကိုသိနာရုံအင်ကြင်းရဂုံ။ ဤနေရာလေးဌာနကို ဗုဒကိုကြည်ညိုကြကုန်သော ဗုဒ္ဓဘာသာဝင်များ အတွက်သံဝေဂ ယူဖွယ်ရာဖြစ်တဲ့ အတွက်ကြောင့် သံဝေဇနိယလေးဌာနဟုခေါ်သည်။
၁။ မြတ်စွာဘုရား သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူရာ ဗုဒ္ဓဂယာမဟာဗောဓိမဏ္ဍိုင်။
၂။ မြတ်စွာဘုရားတရားဦးဓမ္မစက်ကိုဟောတော်မူရာ မိဂဓါဝုန်။
၃။ မြတ်စွာဘုရား လျောင်းစက်တော်မူရာ ဇေတ၀န်ကျောင်းတော်ရှိ ဂန္ဓကုဋီတိုက်။
၎။ တာဝတိသာနတ်ပြည်မှ လူ့ပြည်သို့ဆင်းသက်ရာ သင်္ကသနဂိုရ်ပြည်။ ဤနေရာဒေသကို ဗုဒကိုကြည်ညိုကြကုန်သော ဗုဒ္ဓဘာသာဝင်များအတွက် မစွန့်လွှတ်အပ်သော အ၀ိဇဟိတလေးဌာနဟုခေါ်သည်။
ချစ်သားအာနန္ဒာ ငါဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း ဤနေရာဒေသတို့ကို ဘုရားဖူးခရီးလှည့်လည်မှုကိုပြု၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်၏။ ထိုသူအားလုံးတို့သည် ဤခန္ဓာကိုယ် ပျက်စီးသေလွန်ပြီးနောက်၌ နတ်ရွာသုဂတိသို့ရောက်ကြကုန်လတ္တံ့၊ ဟုဟော်တော်မူခဲ့ပါသည်။ ထိုကြောင့် ဤသံဝေဇနိယလေးဌာနနှင့် အ၀ိဇဟိတလေးဌာနတို့သို့ ကမ္ဘာအရပ်ရပ်မှ သူတော်စဉ်များ ဘုရားဖူးလာနေကြကုန်၏။